Seit Aharaစိတ်အာဟာရSeit Ahara
All articles
July 13, 2026·2 min read

စိတ်အာဟာရ အခန်း (၁)

စိတ်အာဟာရ အခန်း (၁)

စဉ်းစားနိုင်စွမ်းဆိုတာ ပါရမီမဟုတ်ပါဘူး။
လူတစ်ယောက်ရဲ့ အသက်ကို မေးရင် အဖြေပေးနိုင်တယ်။
ပညာအရည်အချင်းကို မေးရင်လည်း ပြောနိုင်တယ်။
အလုပ်အကိုင်၊ နိုင်ငံသား၊ ဘာသာ၊ လူမျိုး၊ နိုင်ငံရေးအမြင်... အများစုဟာ ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာ ပြောပြ ရှင်းပြနိုင်ကြပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ အများစု အလွယ်တကူ မဖြေနိုင်တဲ့ မေးခွန်းတစ်ခုတော့ ရှိတယ်။
အဲ့ဒါက "ဘယ်လိုစဉ်းစားသလဲ" ဆိုတဲ့မေးခွန်းပါ။
ဘာကြောင့် ဒီမေးခွန်းကခက်တာလဲဆိုတော့ ကျွန်တော်တို့ဟာ အတွေးတွေနဲ့ နေသားကျနေကြပြီး အတွေးဖြစ်ပေါ်လာပုံကိုတော့ သေချာသတိမထားမိကြလို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ဘဝမှာ "သိခြင်း" ကို အလွန်တန်ဖိုးထားကြတယ်။
ကလေးတွေကို စကားလုံးတွေ သင်ပေးတယ်။
ကျောင်းမှာ အဖြေတွေ သင်ပေးတယ်။
တက္ကသိုလ်မှာ သီအိုရီတွေ သင်ပေးတယ်။
အလုပ်ခွင်မှာ ကျွမ်းကျင်မှုတွေ သင်ပေးတယ်။
ဒီသင်ကြားရေး ခရီးတစ်လျှောက်လုံးမှာ ကျွန်တော်တို့ တဖြည်းဖြည်း ယုံကြည်လာတဲ့ အယူအဆတစ်ခု ရှိတယ်။
“သိတာ များလာလေ၊ စဉ်းစားတာ ကောင်းလာလေ” ဆိုတဲ့အယူအဆပါ။
ဒါပေမဲ့ ဒီနှစ်ခုက တစ်ခုတည်း မဟုတ်ဘူး။
လူတစ်ယောက်ဟာ စာအုပ်တစ်ထောင် ဖတ်ထားနိုင်တယ်။
ဒါပေမဲ့ ကိုယ့်ယုံကြည်ချက်ကို တစ်ကြိမ်မှ မသံသယဝင်ဖူးဘူးဆိုရင်...
သူ စုဆောင်းထားတာက အသိပညာ ဖြစ်ချင်မှ ဖြစ်မယ်။
အဲဒါဟာ မေးခွန်းမထုတ်ဖူးတဲ့ ယုံကြည်ချက်တွေ စုပုံထားခြင်းသာ ဖြစ်နိုင်တယ်။

လူသားတွေ အမှားလုပ်တာကို ကျွန်တော်တို့ အများအားဖြင့် အသိပညာမရှိလို့လို့ အလွယ်ပဲပြောတတ်ကြတယ်။
ဒါပေမဲ့ သမိုင်းက အဲဒီယူဆချက်ဟာ အမြဲတမ်း မမှန်ဘူးဆိုတာ ပြခဲ့ပြီးသားပါ။
စာတတ်ပေတတ်တွေဟာလည်း မုန်းတီးမှုကို ဖန်တီးခဲ့ဖူးတယ်။
သိပ္ပံပညာရှင်တွေ ရှိနေတဲ့ ခေတ်မှာလည်း စစ်ပွဲတွေ ဖြစ်ခဲ့တယ်။
အဆင့်မြင့်ပညာရေး ရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာလည်း လူတစ်စုက နောက်တစ်စုကို လူမဟုတ်သလို မြင်ခဲ့ဖူးတယ်။
ဒါဆို ပြဿနာက အသိပညာ မရှိတာလား။
ဒါမှမဟုတ်...
အသိပညာကို ကိုင်တွယ်တဲ့ စိတ်ရဲ့ ဖွဲ့စည်းပုံလား။
ကျွန်တော့်အတွက်တော့ ဒုတိယမေးခွန်းက ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။

လူတစ်ယောက်က "ဒီအမြင်က မှားနေတယ်" လို့ ပြောတဲ့အခါ ကျွန်တော် ပထမဆုံး စဉ်းစားတာ အကြောင်းအရာ မဟုတ်ဘူး။
"ဒီအမြင် ဘယ်လိုမွေးဖွားလာတာလဲ" ဆိုတာ
ယုံကြည်ချက်တွေဟာ သစ်ပင်လိုပဲ
ကျွန်တော်တို့ မြင်တာက အကိုင်းအခက်
မမြင်ရတာက အမြစ်
အမြစ်မှာ ဘာတွေရှိလဲ
ကလေးဘဝ အတွေ့အကြုံ
ကြောက်ရွံ့မှု
မိသားစု
ယဉ်ကျေးမှု
ရှင်သန်ဖို့ လိုအပ်ခဲ့တဲ့ နည်းလမ်းတွေ
တစ်ခါတလေတော့ မကုသရသေးတဲ့ ဒဏ်ရာတွေ
အဲဒီအမြစ်တွေကို မကြည့်ဘဲ အကိုင်းအခက်ကိုပဲ ကြည့်ပြီး ငြင်းခုံနေကြတဲ့အတွက် ကျွန်တော်တို့ရဲ့ စကားဝိုင်းတွေဟာ အဖြေမရဘဲ အဆုံးသတ်သွားတတ်တယ်။

စဉ်းစားခြင်းဆိုတာ အတွေးများများ
ထုတ်လုပ်နိုင်ခြင်း မဟုတ်ပါဘူး။
ကိုယ့်အတွေးကို ကိုယ် သတိထားမိလာခြင်း ဖြစ်တယ်။
ဒီနှစ်ခုကို ရောထွေးလိုက်တဲ့အခါ ကျွန်တော်တို့ဟာ အတွေးများတဲ့ လူ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ စဉ်းစားတတ်တဲ့ လူတော့ ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်။
တကယ်တော့ အတွေးတွေ များလာတိုင်း ဉာဏ်ပညာ မများလာပါဘူး။
တချို့လူတွေဟာ တစ်သက်လုံး အတွေးတစ်ခုတည်းကို ပုံစံအမျိုးမျိုးနဲ့ ထပ်ခါထပ်ခါ တွေးနေကြတာပါ။
အသစ်မရှိဘူး။
ပြန်လည်သုံးသပ်ခြင်း မရှိဘူး။
ကိုယ့်အတွေးကို ကိုယ် အမှန်အတိုင်း ကြည့်လို့ရတဲ့ မြင်နိုင်တဲ့ မျက်လုံး မရှိဘူး။

ဗုဒ္ဓက "ယထာဘူတ" လို့ ဟောခဲ့တယ်။
အရာဝတ္ထုတွေကို သူတို့ရှိတဲ့အတိုင်း မြင်နိုင်ဖို့အတွက်ပါ။
ခေတ်သစ်စိတ်ပညာကလည်း အလားတူ လမ်းကြောင်းကို သွားတယ်။
အတွေးတစ်ခု ပေါ်လာတာနဲ့ အဲဒီအတွေးဟာ အမှန်တရားလို့ မယူဆခင်...
ခဏရပ်ပြီး ကြည့်နိုင်မလား။
ဒီ "ခဏ" လေးက သိပ်အရေးမကြီးတဲ့သေးငယ်တဲ့အရာလို့ မြင်နိုင်တယ်။
ဒါပေမဲ့ လူတစ်ယောက်ရဲ့ ဘဝမှာ အကြီးမားဆုံး နေရာလွတ်တစ်ခု ဖြစ်နိုင်တယ်။
အဲဒီနေရာလွတ်ထဲမှာ ရွေးချယ်မှု ရှိတယ်။
သင်ယူမှု ရှိတယ်။
လွတ်လပ်မှုရဲ့ အစလည်း ရှိတယ်။

ကျွန်တော်တို့ ပညာရေးကို အောင်လက်မှတ်တွေနဲ့ တိုင်းတာလေ့ရှိတယ်။
ဒါပေမဲ့ ပညာရေးရဲ့ တကယ့်ရလဒ်က ဘာလဲဆိုတာ တခါတလေ မေ့သွားကြတယ်။
ပညာရေးပြီးဆုံးသွားတဲ့ လူတစ်ယောက်ဟာ...
ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်နိုင်လာသလား။
သက်သေအသစ်ကြောင့် ကိုယ့်အမြင်ကို ပြောင်းနိုင်လာသလား။
မသေချာမှုနဲ့ အတူနေနိုင်လာသလား။
ဒီမေးခွန်းတွေကို “ဟုတ်တယ်” လို့ ဖြေနိုင်လာပြီဆိုရင်…
ပညာရေးဟာ အသိပညာပေးခြင်းဆိုတာထက််ကျော်လွန်ပြီး လူတစ်ယောက်ရဲ့ စိတ်ကို တည်ဆောက်နိုင်တဲ့ အရာဖြစ်လာပါပြီ။

ကျွန်တော်တို့ ပြောင်းလဲချင်တဲ့အရာတွေ အများကြီး ရှိတယ်။
လူ့အဖွဲ့အစည်း
ပညာရေး
နိုင်ငံရေး
ယဉ်ကျေးမှု
ဒါပေမဲ့ ဒီအရာအားလုံးရဲ့ အစမှာ အတွေးတစ်ခု ရှိတယ်။
အတွေးတစ်ခုရဲ့ အစမှာတော့...
သတိမထားမိသေးတဲ့ စိတ်တစ်ခု ရှိတယ်။
ဒါကြောင့် စဉ်းစားနိုင်စွမ်းဆိုတာ မွေးရာပါ အရည်အချင်းတစ်ခု မဟုတ်ဘူး။

ကိုယ့်စိတ်ကို ကိုယ် ပြန်တွေ့ဖို့ သတ္တိရှိလာတဲ့အခါ ဖြည်းဖြည်းချင်း ပေါ်လာတဲ့ လူ့စွမ်းရည်တစ်ခု ဖြစ်တယ်။
ကျွန်တော်က အဲဒီစွမ်းရည်ကို ပညာရေးရဲ့ အမြင့်ဆုံးရလဒ်လို့ ယုံကြည်တယ်။
ဘာကြောင့်လဲဆိုတော့...
လူတစ်ယောက်က သူ့အတွေးကို စတင်လေ့လာတဲ့နေ့ဟာ အသစ်တစ်ခု သင်ယူတဲ့နေ့ မဟုတ်ဘူး။
သူ့ကိုယ်သူ အသစ်တစ်ယောက်အဖြစ် စတင်
တည်ဆောက်နိုင်တဲ့နေ့ဖြစ်လို့ပါပဲ။

စိတ်အာဟာရပြည့်ဝကြပါစေ…


#ဟန်ဇော်လတ် #စိတ်အာဟာရ